ကျမတိှု့မြန်မာလူမျိုးမှာ အမည်နာမများဟာ အလွန်အရေးကြီးသော ကဏ္တကပါဝင်ပါတယ်။ မြန်မာတွေတင်မဟုတ်ပါဘူး၊ ဘယ်လူမျိုးမဆို နာမည်ကို တော်တော်လေး အလေးအနက်ထားကြပါတယ်။ လူသေသော်လဲ နာမည်မသေစေနဲ့ ဆိုတဲ့ဆိုရိုးအတိုင်း၊ လူတစ်ယောက်ရဲ့နာမည်ဟာ သူ့ဘဝအတွက်၊ သူ့အနာဂတ်အတွက်၊ သူ့သမိုင်းအတွက် အလွန်အရေးကြီးသော အရာဖြစ်တယ်လို့ ကျမယူဆပါတယ်။

လူတိုင်းမှာ ကိုယ့်မိဘကပေးတဲ့ နာမည်တစ်လုံးစီ ရှိကြစမြဲပါ။ တချို့က မိပေးဖပေး နာမည်ကို အသက်ကြီးမှ မကြိုက်လို့ပြောင်းတာတို့၊ တစုံတခုသောအကြောင်းကြောင့် ဥပမာ – ရုပ်ရှင်၊ အဆိုတော်၊ နာမည်ကြီး ဖြစ်ခြင်လို့ နာမည်လှလှပြောင်းတာတို့၊ အယူအဆ အစွဲအလမ်း များကြောင့်ပြောင်းတာတို့ စသည်ဖြင့် အများကြီးရှိပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် လူတွေဟာ သူတို့ဘဝလျှောက်လမ်း၊ သူတို့သမိုင်း အတွက် နာမည်ကောင်းတစ်လုံးဖြင့် ကမ္ဗည်းတင်လိုသောကြောင့်ဖြစ်ပါတယ်။

ထားပါတော့၊ အခုပြောလိုတာက ကျမနာမည်အကြောင်းပါ။ နာမည်ပေးတော်သော ကျမမိဘများရဲ့ကျေးဇူးကြောင့် နာမည်လှလှလေးတစ်လုံးကို ကျမပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။
ကျမ နာမည် မေနှင်းဖြူ ပါရှင်။ ကျမ နာမည်ဟာ မတိုလွန်း၊ မရှည်လွန်း၊ မရိုးလွန်း၊ မဆိုးလွန်းပဲ သိမ်မွေ့လှပတဲ့ နာမည်တစ်လုံးဖြစ်တယ်လို့ ကျမယူဆမိပါတယ်။

“မေ” သည် အမျိုးသမီးငယ် ဟုအဓိပ္ပါယ်ဆောင် ၍ မ၊ ခင်၊ အင်္ဂလိပ်တွင် မယ်ရီ စသည်တိုဖြင့်ုအဓိပ္ပါယ်တူပါသည်။
“နှင်း” သည် အေးမြ ဖြူစင် နုညံ့သော နှင်းပွင့်များကို ဖော်ကျူးထားခြင်းဖြစ် ပါသည်။
“ဖြူ” ကတော့ မွန်မြတ်သန့်စင်ခြင်း၊ ကြည်လင်သန့်ရှင်းခြင်း၊ ရိုးသားဖြူစင်ခြင်း စသည်တို့ဖြင့် အပြစ်ကင်းစွာလှပသော အဖြူရောင် ဟုသရုပ်ဖော်ပါသည်။
နှင်းပွင့်ကလေးလို ဖြူဖွေးသန့်စင်တဲ့ မိန်းကလေး လို့ဆိုလိုပါတယ်။
ဤမျှ သိမ်မွေ့လှသော ကျမ၏ နာမည်သည် လူတော်တော်များများအတွက် ခက်ခက်ခဲခဲပြောနေကြရသည်ကို ကျမအမြဲလိုလိုဂရုပြုမိပါတယ်။

- နာမည်ဘာလဲ မသိဘူး
- မေ ပါ၊ မေနှင်းဖြူလို့ခေါ်ပါတယ်။
- အာ…ဟုတ်ကဲ့၊ ဟိုဟာ…အစ်မ၊ ညီမ…အဲ…
- မစု လို့ခေါ်လို့ရပါတယ်၊ အိမ်မှာ မစုခေါ်ပါတယ်။
- အဟင်းဟင်း…ဟုတ်ကဲ့ မစု…အင်း မစုရေ…

ဒါလေးကတော့ ကျမနဲ့စကားပြောဖူးတဲ့ လူတိုင်းရဲ့ ပထမဆုံး impression ဖြစ်ပါတယ်။ ကျမကို မေ ဟုခေါ်သူများသည် နိုင်ငံခြားသားများသာ ဖြစ်ကြပြီး၊ တချို့သောကျမသူငယ်ချင်းများရဲ့ ခေါ်သံလေးများကတော့ … မေပု၊ လေးလုံး၊ ဖီဂျီသူ၊ ဂတုံးမ၊ မေမေ၊ ဖွားမေ၊ မိန်းမ၊ ဆိုင်ကလုံး၊ ဖီဂျီဆရာမ၊ ဟိုအမ စသည်တို့ဖြစ်ကြပါသည်။ တယောက်သော အွန်လိုင်း သူငယ်ချင်းတဦး ဆိုလျှင် ကျမနာမည်ကိုခေါ်ဖို့ ဝေးစွ၊ ကျမနှင့်ပြောတိုင်း မျက်မှန်ကြီးကြီးတပ်ထားသော ရုပ်ဆိုးဆိုး သွားခေါခေါ အိုင်ကွန်လေးကိုသာ ကျမနာမ်စားအဖြစ် အသုံးပြုလေ့ရှိပါသည်။

ကျမရဲ့ နာမည်ဟာ သူတို့အတွက် ခေါ်ဖို့တော်တော် ခက်ခဲလို့များလား၊ ဒါမှမဟုတ် ကျမနာမည်လှလှကို အသိအမှတ်မပြုခြင်ကြလို့များလား ဆိုတာကိုတော့ ကျမခုထိစဉ်းစားနေဆဲပါ။ ဘာပဲဖြစ်ဖြစ် သူတို့အခေါ်အဝေါ်များသည် သာဂိ၊ စာဥ၊ သာဓု၊ ပေါက်စ နှင့် မျောက်မ တို့ထက် အစပေါင်းများစွာ သာသေးသောကြောင့် ကျမကခပ်ပျော်ပျော်ပဲ လက်ခံစမြဲပါ။ တခါတလေ “မေ” ဟုခေါ်သူများကိုတော့ ကျမက ကျေနပ်နှစ်ခြိုက်စွာဖြင့် အပြုံးတပွင့် လက်ဆောင်ပြန်ပေးစမြဲပါရှင်။

No related posts.